ကိုယ်လက်လှုပ်ရှားမှုများပြီး ရေဓာတ်ခန်းခြောက်လာပြီဆိုရင်
လေ့ကျင့်ခန်းလုပ်ပြီဆိုရင် ခန္ဓာကိုယ်ထဲက ကြွက်သားတွေကို အလွန်အကျွံအသုံးပြုရသလို အလေးမဖို့အတွက် အားအင်တွေကို စိုက်ထုတ်ရတဲ့အတွက် ကိုယ်တွင်းအပူချိန်တက်ပြီး ရေဓာတ်တွေ နည်းလာတတ်ပါတယ်။ ဒီလိုမျိုး ရေဓာတ်နည်းတာကို ပြန်မဖြည့်ဘူးဆိုရင် ကိုယ့်ရဲ့ လေ့ကျင့်ခန်းလုပ်ဆောင်နိုင်ရည်ကိုလည်း ထိခိုက်စေနိုင်သလို ကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။
ရေဓာတ်ခန်းခြောက်ခြင်းကို လေ့ကျင့်ခန်းလုပ်တာကြောင့်အပြင်
- ရာသီဥတု ပူပြင်းတာ
- ရေ၊ အရည် အလုံအလောက်မသောက်တာ
- ကိုယ်စားလိုက်တဲ့ အစားအစာတွေ
- တခြားကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။
ရေဓာတ်ခန်းခြောက်လာတဲ့အခါ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကတော့
- အာခေါင်ခြောက်သွေ့ပြီး လည်ချောင်းနာနိုင်တယ်
- ရေဆာလောင်မှုနဲ့အတူ ခေါင်းမူးသလို ဖြစ်နေမယ်
- ဆီးအနံ့ပြင်းပြီး အရောင်နောက်ကျိနေမယ်
- ဆီးပမာဏ နည်းနေမယ်
- ကိုယ်တွင်းအပူချိန်မြင့်တက်နေပြီး နှလုံးခုန်နှုန်းပါ မြန်နေမယ်
- အားမရှိဘဲ နုန်းချိနေမယ်၊ အလွယ်တကူ မောပန်းလာမယ်
- အိပ်ချင်မူးတူးဖြစ်လာမယ်
- အာရုံစူးစိုက်နိုင်မှု နည်းသွားပြီး တွေးခေါ်နိုင်စွမ်းကို ထိခိုက်လာစေနိုင်တယ်
- အားအင်စိုက်ထုတ်နိုင်မှု လျော့ကျလာမယ်
- ဝမ်းဗိုက်ထဲမှာ မအီမသာဖြစ်စေနိုင်ပါတယ်။
များသောအားဖြင့် နွေရာသီလို ပူပြင်းတဲ့ကာလမှာ ကိုယ်လက်လှုပ်ရှားမှုများပြီး ရေသောက်နည်းပြီဆိုရင် ရေဓာတ်ခန်းခြောက်လာတတ်တာ သဘာဝပါပဲ။ ဒီပြဿနာဟာ ယာယီလောက်သာဖြစ်ပြီး အခုပြောမယ့်အချက်တွေကို ပုံမှန်လုပ်ပေးနိုင်မယ်ဆိုရင် ရေဓာတ်ခန်းခြောက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်သလို လေ့ကျင့်ခန်းလုပ်ရာမှာလည်း အားအင်အပြည့်အဝ စိုက်ထုတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
၁။ တစ်နေ့တာလုံး ရေကို နာရီဝက်ခြားတစ်ခါစီ အမြဲမပြတ်သောက်ပေးပါ။ လူတစ်ယောက်အတွက် ရေဘယ်လောက်သောက်ရမလဲဆိုတဲ့ စံနှုန်းမရှိတဲ့အတွက် ယေဘုယျအားဖြင့် တစ်ရက်ကို ရေ (၃) လီတာလောက် သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။
၂။ နေပူလွန်းတဲ့နေ့တွေ၊ ချွေးထွက်များတဲ့နေ့တွေမှာ ရေပိုသောက်ပေးပြီး၊ မနက် (၁၀) နာရီကနေ နေ့လယ် (၃) နာရီကြား နေပူပြင်းတဲ့အချိန်တွေကို လေ့ကျင့်ခန်းလုပ်တာ ရှောင်ပေးပါ။
၃။ အဝတ်အစားကို မလိုအပ်ဘဲ ထူထပ်စွာ ဝတ်ဆင်တာ၊ ကျပ်သိပ်လွန်းတဲ့ အဝတ်တွေ ဝတ်ဆင်တာကို တတ်နိုင်သလောက် ရှောင်ပါ။ အဝတ်အစားတွေ တင်းကြပ်နေခြင်းက ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေပြီး ချွေးပိုထွက်စေနိုင်ပါတယ်။
၄။ ရေသောက်နည်းပြီး နုန်းနေတယ်ဆိုရင် ကိုယ်ပုံမှန်မနေကျ အလေးထက် အနည်းငယ်လျှော့ပါ။
၅။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာလည်း ရေကိုပုံမှန်သောက်ပေးပါ၊ ချွင်းချက်အနေနဲ့ ပရိုတင်းမှုန့်ဖျော်ရည်၊ အားဖြည့်အချိုရည်၊ ကော်ဖီနဲ့ တခြားအအေးတွေကို သောက်ပေးလို့ရပါတယ်။
၆။ ဆီးသွားခြင်းဟာ ခန္ဓာကိုယ်တွင်း ပိုလျှံနေတဲ့အရည်တွေကို အပြင်ဘက်ကို စွန့်ထုတ်ပေးသလို ကိုယ်တွင်းအပူချိန်ကိုလည်း လျော့ကျစေတယ်၊ သွေးထဲက အနည်အနှစ်တွေကိုလည်း အနည်းငယ်သန့်စင်ပေးနိုင်တဲ့အတွက် ရေများများသောက်၊ ဆီးများများသွားတဲ့အကျင့်ကို မွေးပေးပါ။
၇။ ကိုယ်လေ့ကျင့်ခန်းလုပ်နေတဲ့ နေရာ၊ ခုံ၊ စက်ပစ္စည်းနားမှာ ရေဘူးတစ်ဘူး အသင့်ဆောင်ထားပါ၊ ချွေးထွက်များပြီဆိုရင် မျက်နှာသုတ်ပဝါနဲ့ ချွေးသုတ်ပြီး ရေသောက်ပေးပါ။
၈။ ချွေးအရမ်းထွက်ပြီး ခေါင်းမူးလာပြီဆိုရင် လေ့ကျင့်ခန်းလုပ်တာကို ခေတ္တခဏ အနားပေးပါ၊ အသက်ဝအောင် ရှူပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ့်ရဲ့ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိစေတယ်ဆိုပေမယ့် နေထိုင်ရာနိုင်ငံရဲ့ ရာသီဥတုနဲ့ အခြေအနေတွေပေါ် မူတည်ပြီး ကိုယ့်ဘက်က မဖြစ်သင့်တဲ့ ရေဓာတ်ခန်းခြောက်ခြင်းတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ထားဖို့တော့ လိုပါတယ်။ ယာယီရေဓာတ်ခန်းခြောက်ခြင်းဟာ ပြဿနာတစ်ခုမဟုတ်ပေမဲ့ အမြဲတမ်းလိုလို ဖြစ်နေရင်တော့ ကျောက်ကပ်ထိခိုက်ပျက်စီးလာတာ၊ အာရုံကြောအားနည်းလာတာ၊ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များလာတာ၊ ဆီးကျောက်တည်တာတွေ ဖြစ်လာနိုင်တဲ့အတွက် သတိပြုသင့်ပါတယ်။
ရဲမျိုးမြတ်